Tuesday, November 10, 2009

ဖတ်သင့် သိသင့်သော စာတစ်ပုဒ်

ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။
ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။


သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။

ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။

ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။

သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။

ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။

ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။

ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။

'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။

ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။

ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။

အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။

ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။

ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။

ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။

သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။

ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။

(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)

အားလုံးကို လေးစားဦးညွတ်လျက်
ကျော်သူ ( Actor )


(မှတ်ချက်။  ။ FACE BOOK မှာ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည် )


Monday, November 9, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

ရေးသားသူ မင်းဟန်


(၆၇)

ဒေါ်အောင်ဆန်းစုကြည်တို့ ကြံခင်းသို့ ရောက်သည့်အချိန်၌ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍…ဖျော့၍။

စုတ်ချက်ကြမ်းကြမ်းနှင့် အလင်းနှင့်အမှောင်အား တို့ထားသည့် မပြီးသေးသည့် ပန်းချီကား တချပ်ပမာ….။

မြန်အောင်သို့ ရောက်ကတည်းက ညနေစာ စားချိန် တိုင်ခဲ့ပြီ။ မြန်အောင်ရှိ အဖွဲ့ဝင်များက မြန်အောင်တွင်ပင်၊ ညစာ ထမင်းစားရန်၊ … အိပ်ရန် ဝိုင်း၍ပြောကြ၏။ တားကြ၏။ သူတို့မြို့၌ ဒေါ်အောင်ဆန်းစုကြည်အား တညတာ အိပ်စက်နားနေလိုကြသည်။ အစီအစဉ်များက ရှိသေးသဖြင့် … မြန်အောင်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ မအိပ်ဖြစ်….။ ညစာလည်း မစားဖြစ်ခဲ့….။ မြန်အောင်အဖွဲ့ချုပ်ရုံးတွင်ပင် …. အဖွဲ့ဝင်များနှင့် တွေ့သည်။ လူထုအား စကားပြောသည်။

“ဧရာဝတီတိုင်း စည်းရုံးရေးခရီးတလျှောက်မှာဆိုရင် အင်မတန်မှ ဆင်းရဲနေတဲ့ ကျေးလက်တောရွာ ပြည်သူလူထုကို ကျမ တွေ့ခဲ့ရပါတယ်။ တချို့တောင်သူလယ်သမားများဟာ စပါးစိုက်ပြီးတော့ ဆန်ကို ဝအောင်မစားနိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အဲ့ဒီတော့ ကျမတို့ အဖွဲ့ချုပ်ဝင်များဟာ ဒီလိုချို့တဲ့နေတဲ့ တောင်သူလယ်သမားများ၊ ကျေးလက်တောရွာ ပြည်သူလူထုများကို ကြည့်ရှုတယ်၊ ကာကွယ်ပေးတယ်၊ ကျွေးမွေးတယ်၊ ကူညီတယ်ဆိုတာ ကြားရလို့ရှိရင် ကျမ သိပ်ပြီးတော့ ဂုဏ်ယူတာပဲ။ ကျမတို့ကို ထမင်းဆယ်နပ် ကျွေးတာထက် ဒီလို တောင်သူလယ်သမားထဲက၊ ကျေးလက်တောရွာ ပြည်သူလူထုထဲက ချို့တဲ့နေတဲ့ သူတယောက်ကို ထမင်းတနပ် ဝအောင်ကျွေးလိုက်တယ်ဆိုရင်၊ ကျမ ပိုပြီးတော့ ကျေးဇူးတင်တယ်။ ပိုပြီးတော့ ဂုဏ်ယူတယ်။ ပိုပြီးတော့ ဝမ်းသာတယ်။ အဲ့ဒီတော့ ကျမတို့ မြန်အောင်မှာ ရပ်နားပြီးတော့ ထမင်းမစားနိုင်တာကို၊ ည မအိပ်နိုင်တာကို စိတ်ထဲမှာ ဘယ်လိုမှ မရှိပါနဲ့။ ကျမအစား ပြည်သူလူထုကြီးကို ပြုစုပါ။”

ကြံခင်းသို့ရောက်မှ ညစာထမင်း ဒေါ်အောင်ဆန်းစုကြည်တို့ စားကြ၏။ ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းပင် စား၏။ လူငယ်များကမူ စိတ်ပန်းလူပန်းသည့် ကြားမှပင် ခေါင်းမဖော်တမ်း စားနိုင်ကြ၏။ ဦးကြည်မောင်က အသက်အရွယ်ကြောင့် … အစားအသောက်အား ဆင်ဆင်ခြင်ခြင်နှင့် စား၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မြစ်ဝကျွန်းပေါ်ခရီးက ကြံခင်းတွင်ပင် ဆုံး၏။ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း အာဏာပိုင်အဆင့်ဆင့်၏ နှောင့်ယှက်ဟန့်တားမှုအမျိုးမျိုးက တရားမဲ့စွာနှင့်….။ ထိပ်တိုက်ရင်ဆိုင်လာသည်တို့က အမြင့်ဆုံးအထိပင် ရင်ဆိုင်လာခဲ့ရသည်။ လှံစွပ်များအကြားမှ ဖြတ်လျှောက်ခဲ့ရသည့် လမ်းများကလည်း တကြိမ်မက …။ ယခုနောက်ဆုံးနေ့ နောက်ဆုံးခရီးဖြစ်သည့် ကြံခင်းတွင်လည်း တရားမဲ့ နှောင့်ယှက်မှုတခုခုတော့ လုပ်မှ (မ.ဝ.တ) ပီသလေသည်ဟု ကြံခင်း (မ.ဝ.တ) ဥက္ကဋ္ဌ ဗိုလ်မှူးဖုန်းမြင့်က စွဲထင်ထားလေသည်လားမသိ…။ ဒေါ်အောင်ဆန်းစုကြည်တို့အား နှောင့်ယှက်ရန် ကြံပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ စည်းဝေးဆွေးနွေးသည့် ကြံခင်း NLD ရုံးအတွင်းသို့ ဓာတ်ပုံဆရာတဦးအား ကြံခင်း (မ.ဝ.တ) ဥက္ကဋ္ဌ ဗိုလ်မှူးဖုန်းမြင့်က လွှတ်ပြီး ဓာတ်ပုံရိုက်ခိုင်း၏။ ပြီးလျှင် …. ဓာတ်ပုံထဲပါသည့်သူများ အားလုံး ဖမ်းမည်ဟုလည်း ဆို၏။ ဒေါ်အောင်ဆန်းစုကြည်က ဓာတ်ပုံဆရာအား ရုံးအတွင်းသို့ အဝင်မခံ …. ဓာတ်ပုံရိုက်ခွင့်လည်း မပြုခဲ့….။ ထိုထိုသော … နှောင့်ယှက်မှု ကြီးကြီးသေးသေးများအား ရင်ဆိုင်ကျော်လွှားရင်းနှင့် မြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီးက အဆုံးသတ်နိုင်ခဲ့၏။ ဆုံးရှုံးမှုများက ကြီးမားသည်ဟု ဆိုရမည်။ ဧရာဝတီတိုင်း တာဝန်ခံ ဗဟိုဦးစီးအဖွဲ့ဝင် ဒေါက်တာသက်မင်းအပါအဝင် အဖွဲ့ဝင် ၃ဝ ကျော် အဖမ်းခံခဲ့ရ၏။ မလွယ်….။ ဧရာဝတီတိုင်း ခရီးက မီးပင်လယ်အား ကူးဖြတ်ခဲ့ရသကဲ့သို့ပင် ….။ ခရီးစဉ်အတွင်း ကျေနပ်အားရဖွယ်ရာများက … လူထုသည် မကြောက်။ ရဲရဲဝံ့ဝံ့ပင် မတရားမှုများအား အံ့တုကြ၏။

ပြီးလျှင် … ဒေါ်အောင်ဆန်းစုကြည်အနေနှင့် …. ကျေးလတ်နေ လူထုဘဝအား နီးနီးကပ်ကပ်၊ ထဲထဲဝင်ဝင် တွေ့ထိသိရှိခွင့် ရခဲ့၏။ ကျေးလက်နေ တောင်သူဦးကြီးများ …. သူတို့အားလုံးက ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နှင့် ….။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း တစ်လျှောက်လုံးစဉ်းစားမရသည်က … `ဘာလို့ ဒီလောက်တောင် ဆင်းရဲနေကြရတာလဲ´….။ ဘာကြောင့်နည်း….။ ဧရာဝတီတိုင်းသို့ မလာခဲ့မီက …. မွန်ပြည်နယ်နှင့် အထက်အညာဒေသများသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့ဖူး၏။ ထိုဒေသမှ လူထုသည် ဤမျှ ဆင်းရဲချို့တဲ့လွန်းသည်ကို မတွေ့ခဲ့၊ မမြင်ခဲ့ရ။ ယခုမူ …. မြစ်ဝကျွန်းပေါ် လူထုကျမှ ဤမျှအထိ ဆင်းရဲတွင်း နက်လွန်းနေကြရတာလဲ….။ စဉ်းစားမရ…။ အမှန်တွင် …. မြစ်ဝကျွန်းပေါ်သည် စိုက်ပျိုးမြေအကောင်းဆုံး….။ စပါးအထွက်နှုန်း အကောင်းဆုံး …. ဒေသ။ ဤမျှ စပါးအထွက်ကောင်းသည့် ဒေသမှ လယ်သမားလူထုသည် ဤမျှ ဆင်းရဲငတ်မွတ်နေရသည်မှာ ပဟေဠိဆန်လွန်းလှသည့် ပုစ္ဆာကဲ့သို့ …. ဖြစ်၍နေသည်။ လယ်သမားက စပါးစိုက်ပြီး ထမင်းကိုမျှ `ဝ´အောင် မစားနိုင်သည့်ဘဝ….။

ဤကိစ္စအား ဦးကြည်မောင်နှင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၍ အဖြေရှာကြ၏။ အဖြေကတော့ …. ရိုးရိုးနှင့် ရှင်းရှင်းပင်….။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)


(၆၈)

ရန်ကုန်သို့ ပြန်ရောက်သည်နှင့် ဧရာဝတီတိုင်း အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်အား တက္ကသိုလ်ရိပ်သာလမ်း၌ ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်၏။ ထိုစဉ်က NLD ဌာနချုပ်သည် အနောက်ရွှေဂုံတိုင်လမ်းသို့ မပြောင်းရွှေ့ရသေး….။ တက္ကသိုလ်ရိပ်သာလမ်းတွင်ပင် ရှိသေး၏။ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှပင်စပြီး အဖွင့်မိတ်ဆက်စကားဆို၏။

``စည်းရုံးရေးခရီးစဉ်မှာ မြင်ခဲ့ရတာက ဧရာဝတီတိုင်းမှာတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေ မရှိဘူးလို့ ကျမ မြင်ခဲ့ရပါတယ်။ ဒီလိုမရှိတာကလည်း တိုင်းမှူးအနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို လွန်လွန်ကျူးကျူး တိုက်ဖျက်နေလို့ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ တပ်မတော်ဟာ `ကြား´ နေရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့က ပြောင်းပြန်ပဲ။ လုပ်နေတာက တပ်မတော်ဟာ ဒီမိုကရေစီ အင်အားစုတွေကို တိုက်ဖျက်ဖို့ သုံးစွဲနေတာ တွေ့ရပါတယ်။ ပြီးတော့ …. တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ ပဋိပက္ခဖြစ်အောင် စိတ်ဝမ်းကွဲအောင် လုပ်နေတဲ့ အသွင်ဆောင်နေပါတယ်´´

``ဒီလိုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ဧရာဝတီတိုင်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ပါဘူး။ ဧရာဝတီတိုင်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေချင်တယ်ဆိုရင် ဒီကိစ္စကို အရေးယူသင့်ပါတယ်ဆိုတာ ကျမတို့ `နဝတ´ကို တရားဝင်တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ ဧရာဝတီတိုင်းခရီးနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ထားတာ ရှိပါတယ်။ အများလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ထပ်ပြီးမေးချင်းတာရှိရင် သိချင်တာတွေရှိရင် မေးကြပါ။ ကျမ ဖြေဖို့ အဆင်သင့်ပါပဲ။´´

ဒေါ်အောင်ဆန်းစုကြည်မှ မိတ်ဆက် အဖွင့်စကားပြောပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ခန်းမငယ်အတွင်း၌ ခေတ္တတိတ်ဆိတ်၍ သွားသည်။ ပြီးလျှင် …. နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက်တဦးမှ စ၍ …. မေး၏။

“What is your assessment of the political climate at this point?”

ဒေါ်အောင်ဆန်းစုကြည်မှ ပထမဦးဆုံးသော မေးခွန်းအား ပထမဦးစွာ ပြန်၍ဖြေသည်။

``Political climate ဆိုတာ ဟိုဘက်ဒီဘက် ရှိတယ်။ Political climate ဆိုတာ ပြည်သူလူထုကြားထဲက climate လည်း ရှိတယ်။ အစိုးရဘက်က climate လည်း ရှိတယ်။ ပြည်သူလူထုကြားက climate ကတော့ သူတို့ဟာ ဒီမိုကရေစီကို အမြန်ဆုံး လိုချင်တာပဲ။ ပြည်သူလူထုဘက်က ကြည့်လိုက်မယ်ဆိုလို့ရှိရင်၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေဘက်က ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲများ အမြန်ဆုံး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်သင့်တယ်ဆိုတဲ့ စိတ်ရှိပါတယ်။ တဖက်က ရွေးကောက်ပွဲတွေ အမြန်ဆုံး ဖြတ်စေချင်တယ်။ နောက်တဖက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ အများကြီး ရှိပါတယ်။

ဒီသံသယတွေ ရှိတာကတော့ ဟိုဘက်ကနေပြီးတော့ တီထွင်လိုက်တဲ့ Political climate ခေါ်ရမှာပဲ။ အထူးသဖြင့် ဧရာဝတီတိုင်းမှာ တိုင်းမှူးကနေပြီးတော့ ဒီလောက်တောင်မှ ဒီမိုကရေစီအခွင့်အရေးတွေကို ဆန့်ကျင်ဘက် လုပ်နေလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးချင်တဲ့ ဆန္ဒရှိရဲ့လားဆိုတဲ့ သံသယတွေ အများကြီး တွေ့ရပါတယ်။ အဲဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် နိုင်ငံရေးအခြေအနေပေါ့လေ၊ နိုင်ငံရေးမိုးလေဝသကတော့ အုံ့မှိုင်းမှိုင်းပဲလို့ ဆိုရမှာပဲ။ ပြည်သူလူထုဘက်ကလည်း `နဝတ´ကို ယုံကြည်မှု မရှိဘူး´´

``အဖမ်းခံရတဲ့ လူတွေရဲ့ အခြေအနေရော ဘယ်လိုလဲ လွတ်ပြီလား…´´ ဟု သတင်းထောက်တယောက် ထ၍ မေးသည်။

``မလွတ်သေးပါဘူး၊ ၃၄ ယောက် ရှိသွားပြီ။ အခု နည်းနည်း ပိုများရင် များနေမယ်။ ကြံခင်းမှာ ထပ်ဖမ်းတယ်။ ကြံခင်းက အခြေအနေကတော့ အတော်ဆိုးတာပဲ။ ကိုယ့်ရဲ့ ရုံးထဲမှာတောင် လက်ခုပ်မတီးရဘူး ပြောထားတယ်။ လက်ခုပ်မတီးရဘူး ပြောထားတော့ ကျမတို့ စည်းရုံးရေးမှူးတွေက လက်ခုပ်မတီးရဲဘူး။ အဲဒီတော့ စဉ်းစားကြည့်တော့ပေါ့။ လက်ခုပ်တီးတာနဲ့ အဖမ်းခံရတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ဒီလောက်တောင်မှ ဒီမိုကရေစီ အခွင့်အရေးတွေကို တိုက်ဖျက်နေတာကို `နဝတ´ က လျစ်လျူရှု မထားသင့်ဘူးလို့ ကျမ ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမတို့ကို ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဘက်ကနေ ပြန်ပြောတာက ၂/၈၈ ဆိုပြီး ပြန်ပြောပါတယ်။ ၂/၈၈ အကြောင်းပြတဲ့အခါ ၂/၈၈ ရဲ့ အဓိကရည်ရွယ်ချက်နဲ့ အနှစ်သာရကို ကြည့်ရပါမယ်။ အခုဟာက They rule by the letter of the law. Spirit of the law ဆိုတာကို လုံးလုံး မကြည့်ဘူး။''

''တကယ်ဆိုရင် အရေးကြီးတာက Spirit of the law ၊ ၂/၈၈ ရဲ့ အဓိကရည်ရွယ်ချက်က ဆူပူသောင်းကျန်းမှု မဖြစ်ဖို့ ရုန်းရင်းဆန်ခတ် မဖြစ်ဖို့။ ခရီးတလျှောက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ဖွယ် အခြေအနေ ၃-၄ ခါ ဖြစ်ခဲ့တယ်။ အဲ့ဒီဟာတွေဟာဆိုရင် ငြိမ်ဝပ်ပိပြားမှုဘက်က စတဲ့ကိစ္စပဲ။ ဥပမာဆိုရင် ကျုံမငေးမှာဆိုရင် စောင့်နေတဲ့ တပ်သားတဦးက လူထုထဲကို ဝါးရင်းတုတ်နဲ့ထိအောင် ပစ်ပြီးတော့ ခြိမ်းခြောက်တယ်။ အဲ့ဒီဟာဆိုရင် ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်။ လပွတ္တာမှာဆိုရင်လည်း လူတစ်ယောက်ကို ဓာတ်တိုင်မှာ ချည်ပြီး ရိုက်တယ်လို့ ပြောတယ်။ အနောက်မှာပဲ နေရမယ်။ အရှေ့မသွားရဘူး ပြောတဲ့အခါမှာ လူတယောက်က အရှေ့နည်းနည်း ရောက်လာလို့တဲ့။ အဲ့ဒီလိုကိစ္စမျိုးတွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်။ ၂/၈၈ ရဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်မယ်ဆိုရင် ကျမတို့ ပြည်သူလူထုဘက်က ၂/၈၈ ရဲ့ ရည်ရွယ်ချက်ကို ချိုးဖောက်တယ်ဆိုတာ လုံးလုံး မရှိခဲ့ဘူး။´´

သတင်းစာရှင်းလင်းပွဲ ပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ထံသို့ ပေးပို့မည့် ဧရာဝတီတိုင်း ခရီးစဉ်တလျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား စာကြမ်း ရေး၏။

ပြီးလျှင် ….. အတွင်းရေးမှူးအဖွဲ့အတွင်း ပြင်ဆင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက် ရယူ၏။ စာတွင်က ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟူ၍ လိပ်မူထားပြီး မိတ္တူကိုမူ …. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးအား ပေး၏။ စာ၏ အောက်တွင် ….. အောင်ဆန်းစုကြည်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟူ၍ ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ထိုးထားသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

ရေးသားသူ မင်းဟန်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

(၆၃)
မနက်ဖြန်ခရီးစဉ်အတွက် မော်တော်ယာဉ်များ ရှာ၍ငှားကြရမည်။ မနက်ဖြန်ခရီးက ရေလမ်းခရီးမဟုတ်….။ မော်တော်ကားများနှင့် ကျောင်းကုန်း၊ အိမ်မဲ…. သို့ သွားကြရမည့်ခရီး….။ ပုသိမ်တွင်ရှိသည့်ကားများ အားလုံးအား ဒေါ်အောင်ဆန်းစုကြည်တို့ ငှား၍မရရန် (တ.ဝ.တ)က မော်တော်ယာဉ်များ အားလုံးအား ချောအဖြစ် ဆွဲထား၏။ မည်သည့်ကားမျှမအား….။ (တ.ဝ.တ)ချော၊ (မ.ဝ.တ)ချော၊ စစ်ဌာနချုပ်ချော….။ ပြဿနာမရှိ…. ကားငှားမရလျှင်လည်း ….. ခရီးစဉ်အား ရပ်နားထားရုံပင်၊ ပုသိမ်တွင်ပင်နေပြီး ပုသိမ်၌ စည်းရုံးရေး၊ လေ့လာရေးများ ပြုလုပ်မည်။ ဤသို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရပြန်၏။

ဇန်နဝါရီလ ၂၁ ရက်….။
ပုသိမ်ရှိ ဝေဋုဝန်ကျောင်းတိုက်သို့ နံနက်စောစောပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ထွက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးကြည်မောင်၊ ဦးဝင်းထိန်နှင့် လူငယ်များ ပါလာကြ၏။ ပုသိမ်တိုင်းရုံးမှ ထွက်သည်နှင့် လက်နက်ကိုင် စစ်သားများက တား၏။

`ခြေလျင်သော်လည်းကောင်း၊ ယာဉ်တခုခုနှင့်သော်လည်းကောင်း၊ သွားလာခွင့်မပြုကြောင်း…. အမိန့်ပေးထားသည်´ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ….. `ကျမတို့ဟာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားများ မဟုတ်ပါဘူး၊ လွတ်လပ်တဲ့ နိုင်ငံသားတွေပါ။ လွတ်လပ်တဲ့ နိုင်ငံသားများဟာ လွတ်လပ်တဲ့ နိုင်ငံအတွင်းမှာ ….. လွတ်လပ်စွာ သွားလာပိုင်ခွင့် ရှိပါတယ်´

တားမြစ်နေသည့် လှံစွပ်တပ် သေနတ်များ အကြားမှပင် တည်ငြိမ်အေးဆေးစွာနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်၍လျှောက်သည်။ ဒေါ်အောင်ဆန်းစုကြည်အား သေနတ်ပြခြိမ်းခြောက်ပြီး တား၍မရမှန်းသိသည့် အခါတွင်မှ ဗိုလ်မြင့်အောင်သည် လမ်းလျှောက်၍မူ မသွားပါနှင့်…. မော်တော်ကားနှင့် သွားပါဟူ၍ ချောဆွဲထားသော မော်တော်ယာဉ်အား ထုတ်ပေး၏။ မလွယ်….။

(၆၄)
ဧရာဝတီတိုင်း ခရီးစဉ်တစ်လျှောက်လုံး အဖွဲ့ချုပ်ဗဟိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဆက်အသွယ်မပြတ်….။ တယ်လီဖုန်းဆက်သွယ်မှုက နေ့စဉ်လိုလိုရှိကြ၏။ ခရီးစဉ်အခြေအနေအား နေ့စဉ်ပင် ဗဟိုသို့ အစီရင်ခံ၏။ ဗဟိုမှ ဆက်၍လုပ်ဆောင်သင့်သည်တို့အား ဆောင်ရွက်၏။ ယခုလည်း ရန်ကုန်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်း ဝင်လာသည်။ ခရီးစဉ်အခြေအနေနှင့် ပတ်သက်၍ နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက်က မေးမြန်းလို၍ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသတင်းထောက်တို့ တယ်လီဖုန်းလိုင်းပေါ်မှပင် အင်တာဗျူး၏။

ဒေါ်အောင်ဆန်းစုကြည်…… ``ဧရာဝတီတိုင်းဟာဆိုလို့ရှိရင် အခု ကျမစည်းရုံးရေးခရီး ထွက်လာကတည်းက အဖွဲ့ချုပ်ဝင်များ၊ စည်းရုံးရေးတာဝန်ခံများ၊ တိုင်းတာဝန်ခံများကို ဖမ်းတာဟာ ၁၉ ယောက်ရှိသွားပါပြီ။ တပတ်အတွင်းမှာ ၁၉ ဦး ဖမ်းလိုက်ပါတယ်။ ဒီ ဖမ်းတဲ့ကိစ္စဟာလည်း ဘာမှ ဥပဒေမဲ့လုပ်ခဲ့လို့ မဟုတ်ဘူး။ ပြည်သူလူထုဘက်က ရပ်တည်ခဲ့လို့။ ဒါမှမဟုတ် ပြည်သူလူထုက ကျမတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့လို့ဆိုပြီးတော့ ဖမ်းတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်မြင့်အောင် လုပ်နေတဲ့ပုံနဲ့ ဧရာဝတီတိုင်းမှာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရက တကယ်စစ်မှန်တဲ့ စေတနာနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေချင်တယ်ဆိုလိုရှိရင် ဗိုလ်မှူးချုပ်မြင့်အောင် လုပ်ပုံလုပ်နည်းတွေကို နှာစေးနေလို့ မဖြစ်ဘူး။ လျစ်လျူရှုနေလို့ မဖြစ်ဘူး။ အရေးယူသင့်ပါတယ်။

ကျမဟာ လူတယောက်ကို နာမည်တပ်ပြီးတော့ ဒီလိုတိုက်ခိုက်ပြီးတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာ လုပ်ပုံကိုင်ပုံတွေက တရားလွန်လွန်းလို့ ပြောရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရဟာ စစ်မှန်တဲ့စေတနာ ပြည်သူလူထုအပေါ်မှာ ရှိတယ်ဆိုရင် ဗိုလ်မှူးချုပ်မြင့်အောင်လို တိုင်းမှူးမျိုးကိုတော့ အရေးယူရမှာပဲ။

ခရီးလမ်းတလျှောက်လုံးမှာ လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေးဆိုတဲ့ ဆင်ခြေတွေပြပြီးတော့ ပြည်သူလူထုကို အမျိုးမျိုး ခြိမ်းခြောက်နေတယ်၊ ဟန့်တားနေတယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရပါတယ်။ ဒါတွေကို ကျမတို့ လက်မခံနိုင်ပါဘူး။ ကလေးလူငယ်များက ကျမကို လက်ပြလိုက်လို့၊ လက်ခုပ်တီးလိုက်လို့ ရိုက်တယ်၊ နှက်တယ်ဆိုတာဟာ ငြိမ်ဝပ်ပိပြားရေးနဲ့ ဘာမှမဆိုင်ဘူး။ လုံခြုံရေးနဲ့လည်း ဘာမှမဆိုင်းဘူး´´

(၆၅)
ပုသိမ်တွင် အာဏာပိုင်များ၏ဖိနှိပ်မှုများက တန့်၍မနေ…. တိုး၍ပင်လာ၏။ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ သင်္ဘောကျင်းရပ်ကွက် အဖွဲ့ချုပ်ရုံးသို့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရန်ပြင်ဆင်၏။ စက်လှေအခက်အခဲကြောင့် ကြန့်ကြာမှုများ ရှိခဲ့၏။ သင်္ဘောကျင်းရပ်ကွက်အဖွဲ့ချုပ်မှ စည်းရုံးရေးမှူးများက ဒေါ်အောင်ဆန်းစုကြည်တို့အား ကြိုဆိုရန် ပြင်ဆင်နေကြ၏။ ဤသည်ကို ရေတပ်မှ စစ်ဗိုလ်တယောက်မှ အဖွဲ့ချုပ်စည်းရုံးရေးမှူးများအား ဆဲဆိုရိုက်နှက်၏။ ဒဏ်ရာအနာတရ ရခဲ့ကြ၏။ ပြီးလျှင် …. စည်းရုံးရေးမှူး နှစ်ဦးကိုလည်း ဖမ်းဆီးသွားပြန်သည်။ ဒီနေ့အထိဆိုလျှင် ….. မတရားဖမ်းဆီးခံနေရသည့် အဖွဲ့ချုပ် အဖွဲ့ဝင်ပေါင်းက …. ၃ဝ ကျော်ပြီ။ မည်သို့ လုပ်မည်နည်း….။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှေ့ဆက်မည့် စည်းရုံးရေးခရီးစဉ်များအား ဖျက်ပြီး ပုသိမ်တွင်ပင် ဆက်၍ဖိနှိပ်မှုများ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာတို့နှင့် တွေ့ဆုံပြီး ရင်ဆိုင်ဖြေရှင်မည်လား…..။
ရန်ကုန်နှင့် တိုင်ပင်ကြရသည်။
ရခိုင်ပြည်နယ် စည်းရုံးရေးခရီးစဉ်မှ ဥက္ကဋ္ဌ ဦးတင်ဦးသည် ၂၂ ရက်နေ့တွင် ရန်ကုန်သို့ အရောက်ပြန်ခဲ့မည်။ ပြီးလျှင် ….. ၂၅-၂၆ ရက်များထက် နောက်မကျစေဘဲ ပုသိမ်သို့ လိုက်လာမည်။ ပုသိမ်တွင် မတရားဖမ်းဆီးမှုများ၊ ဖိနှိပ်မှုများနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးတင်ဦးကိုယ်တိုင် ဖြေရှင်းမည်။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က မူလအစီအစဉ်အတိုင်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီးစဉ်အား ဆက်၍လုပ်ဆောင်ရန် ဟူ၍ ဆုံးဖြတ်ကြ၏။

ဤအတွက် …. ၂၃ ရက်နေ့ မနက်စောစောပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ပုသိမ်မှ ထွက်ကြ၏။ ကျောင်းကုန်း၊ ထောက်ရှာ၊ အိမ်မဲ၊တံခွန်တိုင်၊ အသုတ်၊ ရေကြည်….။

ရေကြည်အဖွဲ့ချုပ်ရုံး၌ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးပွဲက ညသန်းခေါင်ယံတိုင်သည်အထိ ကြာ၏။ ဆွေးနွေးပွဲသို့ လာရောက်ကြသည့် အဖွဲ့ဝင်များက ငဝန်မြစ် အနောက်ဘက်ကမ်းမှ လာခဲ့ကြရသည့်သူများ …. လှေ၊ သဗ္ဗန်များ အားလုံးအား အာဏာပိုင်များက သိမ်းဆည်းထားသည့်အတွက် ရေအိုးအတွင်း အဝတ်အထည်များထည့်ပြီး ငဝန်မြစ်အား ရေအိုးပိုက်၍ ကူးခတ်ကာ လာခဲ့ကြရသည့် အဖွဲ့ချုပ်အဖွဲ့ဝင်များ ဖြစ်သည်။

``အို
ဧရာဝတီ
ဒို့၏ ဇွဲနှင့်
အောင်စည်ယွန်းချိန် နီးပြီလော….´´

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

(၆၆)
၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်….။
ဒီနေ့ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီးစဉ်၏ နောက်ဆုံးနေ့ ခရီးဖြစ်သည်။ ဇလွန်၊ မဲဇာလီကုန်း၊ ထူးကြီး၊ ကနောင်၊ မြန်အောင်၊ ကြံခင်း….။ ဧရာဝတီတိုင်း ကြံခင်းမြို့တွင်ပင် အဆုံးသတ်ပြီး ပဲခူးတိုင်းမှတဆင့် ရန်ကုန်သို့ ပြန်မည်။

ဇလွန်သို့ နံနက်စောစောပင် ရောက်၏။ ဇလွန်က ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဆိုင်ရာ အချိုးအကွေ့များ ဖြစ်ပေါ်စေခဲ့သည့်မြို့ ….။

လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ ခန့်က ဒို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းသည်လည်း ပထမ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအား ဆင်နွှဲရင်း …. လူထုအား စည်းရုံးရန် ဧရာဝတီတိုင်း ဇလွန်မြို့လေးသို့ ရောက်ခဲ့၏။ လူထုအား ဇလွန်တွင် တရားဟော၏။ သခင်အောင်ဆန်း တရားဟောနေစဉ်…. ရာဇဝတ်အုပ်တယောက် ရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင်ပေး၏။ လူထုကြီးက အံ့သြစွာနှင့် ကြည့်နေကြ၏။ ဘာစာလဲ…. ။ ဘာလဲ….။
သခင်အောင်ဆန်းက မိန့်ခွန်းပြောနေသည်အားရပ်ပြီး စာကို ဖောက်၍ဖတ်ကြည့်၏။ ပြီးလျှင်…. သခင်အောင်ဆန်းက လူထုကြီးအား….

``ဟောဒီမှာ ဟင်္သာတ ရာဇဝတ်ဝန်က စာတစောင်ပေးလာတယ်။ သူ့စာကတော့ …. ချင်းတောင်ကိစ္စကို မဟောရဘူးလို့ ပိတ်ပင်တားမြစ်တာပါပဲ။ ချင်းတောင်ကိစ္စကို ကြားချင်ကြပါသလား´´ ဟူ၍ သခင်အောင်ဆန်းက ဗြိတိသျှအာဏာပိုင် ရာဇဝတ်ဝန်၏ တားမြစ်သည့် မတရားသည့် အမိန့်အား ဖီဆန်ရင်း … လူထုအားမေး၏။

လူထုက ….
``ကြားချင်ပါတယ်´´
``ကြားချင်ပါတယ်´´
``ကြားချင်ပါတယ်…´´

သခင်အောင်ဆန်းက …. ကြားချင်ရင် ပြောချင်နေတာနဲ့ အတော်ပဲဟုဆိုကာ …. ချင်းတောင်တွင် ဗြိတိသျှ အုပ်စိုးသူတို့၏ ဖိနှိပ်မှုများအား ဟောတော့၏။ သခင်အောင်ဆန်း ဟောပြောပွဲပြီးသည်နှင့် ဟင်္သာတ ရာဇဝတ်ဝန်က သခင်အောင်ဆန်းအား ပုဒ်မ ၁၂၄ (က) နှင့် အလိုရှိကြောင်း ဝရမ်းထုတ်၏။ ဝရမ်းက …..

``ဟင်္သာတစီရင်စု၊ ဇလွန်မြို့တွင် ၁၉၄ဝ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ည၊ အစိုးရ အကြည်ညိုပျက်လောက်အောင် တရားဟောသဖြင့် ရာဇသတ်ပုဒ်မ ၁၂၄ (က) အရ အလိုရှိသော ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး မောင်အောင်ဆန်း (ခေါ်) သခင်အောင်ဆန်းအား ဖမ်းဆီးပေးသူကိုဖြစ်စေ၊ ဖမ်းဆီးရမိရန်ကိုဖြစ်စေ၊ ဟသာင်္တမြို့ ရာဇဝတ်ဝန်မင်းက ဆုတော်ငွေ ၅ိ/-(ငါးကျပ်တိတိ) ပေးသနားတော်မူလိမ့်မည်။´´

သခင်အောင်ဆန်းအား အလိုရှိကြောင်း ကြေညာသည့် ရာဇဝတ်ဝန်က မစ္စတာဇေဗီယာ….။ ထိုနေ့မှစပြီး သခင်အောင်ဆန်း၊ မန်းဘခိုင် (အာဇာနည်ခေါင်းဆောင်ကြီး)၊ မန်းဘဆိုင်တို့၏ အကူအညီနှင့် …. မြစ်ဝကျွန်းပေါ်တွင်ပင် မြေအောက်သို့ လျှိုသွားခဲ့၏။ ထိုမှတဆင့် …. ဂျပန်သို့ စွန့်စွန့်စားစား သွားရောက်ရန် အခြေအနေများအထိ ရောက်ခဲ့၏။ ပြီးလျှင် …. ခေတ်မီ မြန်မာ့တပ်မတော်သစ်အား ထူထောင်နိုင်ခဲ့သည်အထိ …. သခင်အောင်ဆန်း၏ သမိုင်းအချိုးအကွေ့များက ဇလွန်မှ စခဲ့သည်ဟု ဆိုရမည်။

ဒေါ်အောင်ဆန်းစုကြည်တို့ သခင်အောင်ဆန်း ၁၉၄ဝ ခုနှစ် ဇွန်လ ၁ ရက်နေ့က တရားဟောခဲ့သည့်နေရာသို့ သွားရောက်၍ ကြည့်ရှုကြ၏။ ပြီးလျှင် …. ဇလွန်မြို့ပေါ်၌ အင်္ဂပူဘုရားသို့ သွားရောက်ဖူးမျှော်ကြ၏။ အင်္ဂပူ ဘုရားတန်ဆောင်း နေရာသည်လည်း ၁၉၄၆ ခုနှစ်က နာမည်ကြီး ဇလွန်ညီလာခံကြီးအား ကျင်းပခဲ့သည့် သမိုင်းဝင် အဆောက်အဦး ….။ ဇလွန်က ရာဇဝင်များနှင့်….။
ဒေါ်အောင်ဆန်းစုကြည်တို့ ဇလွန်မှ မဲဇလီကုန်းသို့ ဆက်ကြပြန်၏။ အာဏာပိုင်တို့၏ အနှောင့်အယှက်များကမူ ကြီးကြီးမားမား ပေါ်မလာသေး….။

မဲဇလီကုန်း….။
မဲဇလီကုန်းက အာဇာနည်ဗိုလ်အောင်ကျော်၏ ဇာတိမြေ…။ ရာဇဝင်ထွန်းပြောင်သည့် သမိုင်း၏ ထွေးပွေ့မှု အငွေ့အသက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အစဉ်၌ ပို၍ တက်ကြွထက်သန်နေသည်ဟု ခံစားရ၏။

မဲဇလီကုန်းသို့ ရောက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်အောင်ကျော် ကျောက်တိုင်သို့ သွားရောက်၍ အလေးပြုကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝဲဘက်ဘေးတွင်က ဦးကြည်မောင်….။ ဦးကြည်မောင်သည် ရဲဘော်အောင်ကျော်အား တည်ငြိမ်လေးနက်စွာနှင့် ဦးညွှတ်၏။ အလေးပြု၏။ ဦးကြည်မောင်က အာဇာနည် ဗိုလ်အောင်ကျော်၏ ရဲဘော်….ရဲဘက်တဦး။

လွန်ခဲ့သည့် …. နှစ်ပေါင်း ၅၂ နှစ်….။
သမိုင်း၏ အရိပ်က ဦးကြည်မောင်၏ ခန္ဓာနှင့် ရုပ်နာမ်အစုံအား လွှမ်းခြုံထားသကဲ့သို့ …။ တည်ငြိမ်လေးနက်စွာနှင့်ပင် ဦးကြည်မောင်သည် အာဇာနည်ဗိုလ်အောင်ကျော်၏ ကျောက်တိုင်အရှေ့၌ မတ်တပ်ရပ်၍ နေသည်။ အတွေးက လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ အလွန်ဆီသို့ …..။

ထိုစဉ်က ကိုအောင်ကျော်နှင့် ကိုကြည်မောင်တို့က ဒုတိယကျောင်းသားသပိတ်၏ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များ….။ အတွင်းဝန်ရုံးကြီးအား ဝိုင်း၍သပိတ်တားကြ၏။ တတ်တတ်ကြွကြွ….၊ ထက်ထက်သန်သန်၊ ရဲရဲဝံ့ဝံ့….။ အောင်မြင်စွာ သပိတ်တားနိုင်ခဲ့ပြီမို့ …. သပိတ်အား ရုတ်ရန် ပြင်ကြ၏။

ထိုစဉ်ခဏမှာပင် …. အာဏာပိုင်တို့က၊ မြင်းနှင့်တိုက်၏။ နံပါတ်တုတ်များနှင့်ဝင်၍ ကျောင်းသားထုအား ရိုက်၏။ အားလုံးက အပြိုပြိုအလဲလဲ….။ ကိုအောင်ကျော် အရိုက်ခံရ၏။ ကိုကြည်မောင်လည်း အရိုက်ခံရ၏။ ကိုကြည်မောင်က ဒဏ်ရာမပြင်းထန်….။ ကိုအောင်ကျော်က ထိုအရိုက်ခံရသည့် ဒဏ်ရာနှင့်ပင် တက္ကသိုလ်များ ဆေးရုံပေါ်၌ ကွယ်လွန်ခဲ့၏။

ဗိုလ်အောင်ကျော်က …. မြန်မာ့လွတ်လပ်ရေး သမိုင်းစဉ်တွင် သူ၏သမိုင်းအား အာဇာနည်ပီသစွာနှင့် ရေးထိုး၍ သွားခဲ့လေပြီ။ ကျန်သူတို့ကား …. သမိုင်းခရီးရှည်ကြီးအတွင်း ချီတက်၍ ရေးထိုးနေကြဆဲ….။

``ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်
ကတ္တတရာလမ်းကိုခွာ
ရာဇဝင်အရုပ်အရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့ နီမြန်းတဲ့ ဇာတ်ရုပ်ကို
တွေ့ရတယ်။

ဗိုလ်အောင်ကျော်ရဲဘော်
ဒို့တတွေဟာ ဒီနေရာမှာ
စာရွက်တွေ အတူဝေခဲ့ဖူးတယ်။

ဗိုလ်အောင်ကျော်ရဲဘော်
ဒီနေရာမှာ ဒို့တတွေဟာ
ရဲဘော်ကို အကြိမ်ကြိမ်
ဂုဏ်ပြုခဲ့တယ်။

ပြည်သူချစ်တဲ့ အာဇာနည် အနှစ်ဟာ
ဘယ်ခေတ်မှာမဆို
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်´´
(မောင်လေးအောင်)

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ
- ဦးခင်ကျော်ဟန်၏ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှတ်တမ်း
- ဒို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ၊ ဒုတိယတွဲ)
- နဝတအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
- NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

ရေးသားသူ မင်းဟန်

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်….။
အင်္ဂါနေ့….။

မြောင်းမြမြစ်နှင့် ငဝန်မြစ်တို့၏ဆုံရာ မြစ်ဆုံရှိ၊ ရေပြင်သည် ပင်လယ်ငယ်လေး တခုပမာအလား….။ အပြောကျယ်၏။ ရေ၏အရောင်က `ရေကြည်ပြာ´ ….။ ပြာလဲ့လဲ့ကောင်းကင်နှင့် ငဝန်မြစ် ရေကြည်ပြာရောင်အဆင်းက `သမူဟ´ ဖြစ်၍နေသည်။ မြတ်မေတ္တာသင်္ဘောက မြောင်းမြမြစ်အတွင်းမှ အံကျလာပြီး ငဝန်မြစ်အတွင်းသို့ အလိုက်သင့်၊ စီးမျော၍ ဝင်ရောက်သွားပြန်၏။ ရေယာဉ်ကြောက ….. မြောင်းမြမြစ်ယံမှသည် ငဝန်မြစ်ပြင်ဆီသို့ ကူးခဲ့ပြီ။ မြစ်ဆုံမှ ပုသိမ်သို့ ငဝန်မြစ်ကြောင်းခရီးက အဆန်ခရီးဖြစ်သော်လည်း ….. ငဝန်သည် ပဉ္စလက်ဆန်စွာနှင့် မှန်သာပြင်ကဲ့သို့ ငြိမ်နေ၏။ ကန်ရေပြင်အလား …..။ ရေစီးရေလာဟူ၍မရှိ….။ ငဝန်မြစ်ရေက `အီ´၍ နေသည်။ အောက်ရေတိုးမည့် ဟန်အား တွေ့ရ၏။ အနောက်တောင်လေအနှော့တွင် လှိုင်းကြက်ခွပ်လေးများက သော့၍…သော့၍။ `လတာ´ပြင်ထက်မှ `လမုပင်´များအား တွေ့ရ၏။ လတာပင်တို့က ညိုညိုမှိုင်းမှိုင်း အုပ်အုပ်ဆိုင်းဆိုင်း….။ ဆပ်သဖူးပင်၊ မဒမပင်၊ ဓနိတော၊ ဗျိုက်တောတို့နှင့် ငဝန်သည် သူ၏ အနားသတ်အား စိမ်း၍စိုလွင်သော အသွေးနှင့် လှပစွာ `ကွပ်´ထား၏။

ပင်လယ်ဝမှ တိုးရေကြောင့် မြစ်ရေသည် မြစ်ညာဆီသို့လွန်၍ စီး၏။ ပထမတွင် ညှင်းညှင်းသွဲ့သွဲ့ ….။

မကြာ …. ငဝန်သည် ပြေးလမ်းဝ၌ ဦးမော့ရန် အသင့်ဖြစ်နေသည့် လေယာဉ်တစင်းအလား၊ …… အရှိန်နှင့် စီးတော့၏။ ငဝန်က ဇက်ကြိုးလွှတ်ထားသော မြင်းရိုင်းတကောက်ကဲ့သို့ ကဆုန်ပေါက်လေပြီ။ ရေစီးကြောင့် မြတ်မေတ္တာသည် သွက်လက်စွာနှင့် ပုသိမ်သို့ အသော့နှင်လေပြီ။

မြောင်းမြမှ မထွက်ခွာမီကတည်းက …. ပုသိမ်၏ အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်တို့ ကြားသိထားခဲ့ပြီး ဖြစ်သည်။ ပုသိမ်အခြေအနေက မကောင်း….။ ကျုံမငေးထက်ဆိုးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။

ဧရာဝတီတိုင်း (တ.ဝ.တ) ဥက္ကဋ္ဌ၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်က ပုသိမ်မြို့အား `နေ့မထွက်ရ၊ အမိန့်´ ထုတ်ပြန်ထား၏။ အမိန့်က …. `နေဝင်မီးငြိမ်း´ အမိန့်မဟုတ်….။ `နေထွက် မီးငြိမ်း´ အမိန့်။ ရယ်စရာလည်း ကောင်း၏။ လုပ်ချင်ရာ လုပ်နေကြသည့် ခေတ်ကြီး….။ ပုသိမ်ရှိဈေးများအား ပိတ်စေ၏။ ရေယာဉ်များ၊ မော်တော်ယာဉ်များအား သွားလာမှု မပြုရဟူ၍ အမိန့်ထုတ်၏။ စာသင်ကျောင်းများကမူ ၁၉၈၈ ခုနှစ်ကတည်းက ပိတ်ထားခြင်းဖြစ်၍ ထပ်၍ပိတ်ရန် အမိန့်ထုတ်စရာမလို….။ သို့သော် … ကျောင်းဆရာ၊ ဆရာမများနှင့် အစိုးရဝန်ထမ်းများကိုမူ အစည်းဝေးဟုဆိုပြီး ခန်းမအတွင်း၌ စုရုံးထား၏။ ဝန်ထမ်းများအား ခန်းမအတွင်းခေါ်၍ အကျယ်ချုပ် ချုပ်ထားသည်ကဲ့သို့ ….။

ပုသိမ်အား ရှင်းထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပုသိမ်သို့ရောက်လျှင် … လူထုမရှိစေရန် လူထုနှင့် မထိတွေ့နိုင်စေရန် တိုင်းမှူးက ရွှေဉာဏ်တော်စူးထားခြင်းဖြစ်၏။

ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်တို့၏ သင်္ဘောပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ပါကလည်း ….. ကမ်းပေါ်သို့ မတတ်ရောက်နိုင်ရန် ဆိပ်ခံဘောတံတားများအား ပြုပြင်ရန်ဟူ၍ အကြောင်းပြပြီး ဆိပ်ခံတံတားအခင်း ပျဉ်များအား ခွာထားကြပြန်သည်။

ထိုမျှ နှောင့်ယှက်ဟန့်တားသည့် အစီအစဉ်နှင့် တိုင်းမှူးမြင့်အောင်က မကျေနပ်သေး….။ လက်ဖြောင့်တပ်သားများကိုလည်း အသံတိတ် မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ပြီး (တ.ဝ.တ) ရုံးနှင့် အရေးကြီးသည့် နေရာများတွင် လျှို့ဝှက်၍ နေရာချထားသေး၏။ ပုသိမ်မြို့၏ လမ်းများကိုလည်း သံဆူးကြိုးခွေများနှင့် ပိတ်ထား၏။ လက်နက်ကိုင် စစ်သားများ တင်ဆောင်ထားသည့် စစ်ကားများ၊ အပေါ့စားတင့်ကားများ၊ အသံချဲ့စက် တင်ဆောင်ထားသည့် ကားများသည်သာ ပုသိမ်၏ လမ်းများပေါ်၌ နေရာယူထားကြ၏။ မြို့က ရှင်း၍ … တစပြင်အလား…..။ လူထုသည် `ငြိမ်´နေ၏။ ငြိမ်သက်မှုက …. ကြောက်ရွံ့၍ ငြိမ်ဝပ်နေခြင်းမျိုးက မဟုတ်….။ မုန်တိုင်းမထန်မီ …. ငြိမ်သက်မှုမျိုး…..။

`မြတ်မေတ္တာ´သည် ဤရေစီး၊ ဤမောင်းနှင်အားနှင့်ဆိုလျှင် …. နောက်ထပ် ၂ နာရီအတွင်း ပုသိမ်သို့ ရောက်မည်။ ပုသိမ်အဝင်အထွက် ပြင်ဆင်ညှိနှိုင်းစရာများအား ဒေါ်အောင်ဆန်းစုကြည်သည် ဦးကြည်မောင်၊ ဦးဝင်းထိန်တို့နှင့် ဆွေးနွေး၏။ လူငယ်များကိုလည်း ရှင်းပြ၏။

ပထမ အရေးကြီးဆုံးအချက်က …. ပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်ရပြီး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခွင့်ရရေး….။ ပုသိမ်အာဏာပိုင်တို့က အစရှာ၍မရအောင် မိမိတို့ဘက်မှ စည်းကမ်းရှိဖို့ တည်ငြိမ်မှုရှိဖို့ လိုမည်။

အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရနိုင်မည်။ အကြမ်းဖက်မှုအား အကြမ်းဖက်မှုနှင့် ပြန်၍ မတုံ့ပြန်မိရန် အားလုံးက ထိန်းသိမ်းကြရမည်။ ပုသိမ်မြို့အဝင် နံနက်က မည်သို့စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်နည်း ….။ မသိနိုင်သေး….။ လူငယ်များက `ကမ္ဘာမကြေဘူး´ သီချင်းအား သံပြိုင်သီဆိုရင်း …. သတ္တိမွေးနေကြ၏။

``တော်လှန်ရေး…..ငါတို့သွေးနဲ့
ရေးခဲ့ကြတဲ့ မော်ကွန်းတွေ …..
ကမ္ဘာမကြေဘူး …..´´

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

(၆၀)
``ဧရာဝတီ….
အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ ….´´
`မြတ်မေတ္တာ´က နံနက် ၁၁းဝဝ နာရီခန့်တွင် ပုသိမ်သို့ ဆိုက်၏။ ပုသိမ်မြို့ …. ကိုယ့်မင်းကိုယ်ချင်း တံတားတွင် `မြတ်မေတ္တာ´ အား ဆိုက်ကပ်ခဲ့၏။ ပုသိမ်ကမ်းပေါ်သို့ တက်ရေးက အနှောင့်အယှက်မရှိ။ ဒေါ်အောင်ဆန်းစုကြည်တို့ အားလုံး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခဲ့ကြ၏။ ပုသိမ်လမ်းများအား ရှင်းထားသည့် ကြားမှပင် ပုသိမ်လူထုသည် ဒေါ်အောင်ဆန်းစုကြည်တို့အား ထွက်၍ ကြိုဆိုကြ၏။ မကြောက်မရွံ့….။

အာဏာပိုင်တို့၏ `နေ့မထွက်ရ … အမိန့်´ က … လူထု၏ ရဲရင့်မှုအောက်၌ ကြေပျက်၍ သွားလေပြီ။ လမ်းတလျှောက်၌ …. စစ်သားများက လမ်းဘေးဝဲယာ၌ ပစ်ခတ်ရန်အသင့်နှင့် စောင့်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ပုသိမ်မြို့ ရွှေဝါလမ်းသို့အရောက်တွင် ၁၂ နှစ်အရွယ်မျှရှိမည့် ကျောင်းသားလူငယ်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်တို့အား လက်ခုပ်တီး၍ ကြိုဆိုသြဘာပေး၏။ မွန်းလွဲ ၁၂း၁၅ နာရီခန့်တွင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း၊ တိုင်းရုံးသို့ ရောက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ချုပ်တိုင်းရုံးသို့ရောက်မှ …. ရွှေဝါလမ်းတွင် လက်ခုပ်တီး သြဘာပေးခဲ့သည့် လူငယ်လေးနှစ်ဦးအား လမ်းမထက်တွင်ပင် စစ်သားများက ဝိုင်း၍ရိုက်ကြကြောင်း သတင်းအား စိတ်မောစွာနှင့်ပင် ဒေါ်အောင်ဆန်းစုကြည် နားထောင်ရသည်။

ခတ္တအနားယူပြီးသည်နှင့် အဖွဲ့ချုပ်တိုင်းရုံးတွင်ပင် အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး စကားပြော၏။

``အမျိုးများရဲ့နယ်ကို လာတယ်လို့ ကျမစိတ်ထဲမှာ ထားပါတယ်။ တောင်တွင်းကြီး၊ နတ်မောက်၊ ရေနံချောင်းဟာ ဖေဖေ့နယ်ဖြစ်သလို ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတဆိုတာ မေမေ့ရဲ့ နယ်ဖြစ်ပါတယ်။ ဖိုးဖိုးကဆိုရင် ဟင်္သာတက လာတယ်။ ဒါပေမဲ့ မြောင်းမြမှာ နေသွားတယ်။ ကျမအဖွားများရဲ့ အမျိုးများဟာ ပုသိမ်က ဖြစ်ပါတယ်။ ပုသိမ်၊ မြောင်းမြ၊ ဟင်္သတဟာ ကျမတို့ရဲ့ ဆွေမျိုးများနယ်မြေဖြစ်လို့ ကျမ ဒီကိုလာရတာ တခါမှမလာဖူးပေမယ့်လည်း ကိုယ့်အိမ် ပြန်လာရသလိုပဲ ကျမ စိတ်ထဲမှာ ထားပါတယ်။ ဧရာဝတီတိုင်း ခရီးကို လာတဲ့အခါကျတော့ လမ်းတလမ်းလုံးမှာ မြင်ခဲ့ရတာဟာ အဖွဲ့ချုပ်ဝင်များဟာ ဘယ်လောက်သတ္တိရှိရှိနဲ့ လုပ်နေတယ်ဆိုတာ မြင်ခဲ့ရလို့ အများကြီး အားတက်ပါတယ်။ အခက်အခဲရှိတယ်လို့ ပြောပေမယ့် တွေ့ရတာ မျက်နှာတွေကြည့်တော့ ပြုံးပြုံးရွှင်ရွှင်ပဲ၊ ဖမ်းဆီးတဲ့အကြောင်း ပြောရင်လည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ ဒီလောက်တောင်မှ စိတ်အားတက်ကြွစွာနဲ့ လုပ်နေတဲ့ ပြည်သူလူထုကြီးဟာ မုချအောင်မြင်ရမယ်လို့ ကျမယုံကြည်ပါတယ်။ အခု ဒီမိုကရေစီလိုချင်တဲ့ စိတ်ဆန္ဒများဟာ မြစ်ကြီးသဖွယ် စီးဆင်းနေပါတယ်။ ဒီမြစ်ရေတွေကို ဘယ်သူမှ တားနိုင်မှ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျမတို့အဖွဲ့ချုပ်ဟာ ဒီမြစ်ရေတွေကို မှန်တဲ့ကန်တဲ့ လမ်းကနေပြီးတော့ သွားနိုင်အောင်လို့ မြစ်ရေတွေဟာ လျှံပြီးတော့ အန္တရာယ်မဖြစ်နိုင်အောင်ဆိုတဲ့ တာဝန်တွေ ရှိပါတယ်။

ပြည်သူလူထုရဲ့ အင်မတန်မှ တတ်ကြွတဲ့ စိတ်ဆန္ဒတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလှုပ်ရှားမှုထဲမှာ ညီညွှတ်မှုနဲ့ ထပ်တူအရေးကြီးတာကတော့ စည်းကမ်းရှိမှုပဲလို့ အတန်တန် ပြောနေတာဖြစ်ပါတယ်´´

(၆၁)
``နံနက် ၁ဝးဝဝ နာရီမှ ညနေ ၁၆းဝဝ နာရီအတွင်း မည်သူမျှ အိမ်ပြင်မထွက်ရ´´
``မော်တော်ကား၊ ဆိုက်ကား၊ မြင်းလှည်း၊ လှေ၊ သမ္မာန်၊ မော်တော်၊ သင်္ဘော …. မည်သည့်ယာဉ်မျှ သွားလာခြင်းမပြုရ´´
``၂/၈၈ အား မည်သူမဆို တိတိကျကျ လိုက်နာရမည်´´

ပုံ

မြင့်အောင်
(ဗိုလ်မှူးချုပ်)
ဥက္ကဋ္ဌ
ဧရာဝတီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့

ပုသိမ်တွင်က …. တိုင်းမှူးမြင့်အောင်၏ အမိန့်ကြောင့် ယာဉ်အသွားအလာအားလုံး ရပ်ဆိုင်းနေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်က …. ၁၈ ရက်နေ့တွင် ငပုတော …. ဟိုင်းကြီးကျွန်းဘက်သို့ သွားရန်ရှိ၏။ သို့သော် ….. မည်သည့်ရေယာဉ်မျှ ငှား၍မရ။ အမိန့်ကြောင့် လုပ်ငန်းရှင်များက ကြောက်ကြသည်။ လူလတ်တန်းစား ဓနရှင်ပေါက်စတို့၏ ဉာဉ်အတိုင်း မိမိအကျိုးစီးပွားအား အထိခိုက်မခံရဲကြ။ အကျိုးကိုကြည့်၍ အကြောင်းအား လုပ်၏။ ဤတွင် …. ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။ နံပါတ်တစ် …။ ဗိုလ်မှူးချုပ်မြင့်အောင်အနေနှင့် ပုသိမ်အား မည်မျှအထိ ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးအား ဖြတ်တောက်ထားမည်နည်း ….။ တပတ်လား … တလလား….။

နံပါတ်နှစ်….။ နေ့မထွက်ရဟူသည့် အမိန့်အား ပုသိမ်တွင် မည်မျှကြာရှည် ထုတ်ပြန်ထားနိုင်မည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာအရပ်ရပ်၏ အကျိုးတရားသည် ဗိုလ်မှူးချုပ်မြင့်အောင်ထံသို့သာ စုပြုံ၍ ဝင်လာပေလိမ့်မည်။

ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စည်းရုံးရေးခရီးစဉ် အစီအစဉ်များ အားလုံးကို ပြောင်းလဲပစ်လိုက်၏။

ဘယ်ဆီမျှ သွား၍မရလျှင် ….. ပုသိမ်မှာပင် အခြေပြုပြီး နေမည်။ ပုသိမ်မှ ခြေလျင်သွား၍ရသည့် ရပ်ကွက်၊ ကျေးရွာများသို့ သွားမည်။ ပုသိမ်တွင်ပင် ရက်ရှည်နေ၍ စည်းရုံးရေးအား ပြုလုပ်မည်။ လူထုဘဝအား လေ့လာမည်။ ဤသို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်၏။

ပြောင်းလဲလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးနည်းဗျူဟာသစ်က တိုင်းမှူးဗိုလ်မှူးချုပ်မြင့်အောင်အား ထိတ်လန့်တုန်လှုပ်သွားစေသည်ဟု ဆိုရမည်။ ချက်ချင်းပင် ဗိုလ်မှူးချုပ်မြင့်အောင် အလျှော့ပေးရ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ဟိုင်းကြီးကျွန်း ခရီးစဉ်အတွက် …… ဗိုလ်မှူးချုပ်မြင့်အောင်သည် မော်တော်တစင်း ရှာပေး၏။ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့သည် မူလအစီအစဉ်အတိုင်းပင် ဧရာဝတီစည်းရုံးရေးခရီးအား ဆက်ကြ၏။
ပုသိမ် …. မှသည် …. ဟိုင်းကြီးသို့ ….။

(၆၂)
ဟိုင်းကြီးမှအပြန် ဒုတိယမြောက် ပုသိမ်အဝင်ခရီးက မုန်တိုင်းမထန်မီ ငြိမ်သက်သည့် ငြိမ်သက်မှုမျိုးဟု ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း၌ ထင်မိ၏။ ပုသိမ်အဝင် မှန်စက်ရုံအနီးတွင် ပုသိမ်ရေတပ်ဌာနချုပ်မှ စစ်ရေယာဉ်နှစ်စီးအား တွေ့ရ၏။ ပြီးလျှင် …. စစ်တပ်စက်လှေငယ်လေးများက ငဝန်မြစ်အတွင်း နေရာအနှံ့၌။ ငဝန်မြစ်ပြင်ထက်တွင်ကား …. ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်နှင့် စစ်ရေယာဉ်များသာ ရှိကြ၏။ အခြား မည်သည့်ရေယာဉ်မျှမရှိ ….။ ရှင်းနေသည်။ ကမ်းနားတလျှောက်တွင်လည်း လူသူမရှိ။ အရာရာက ရှင်း၍ ငြိမ်သက်နေ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ခရီးစဉ်တိုင်း၌ အမြဲလိုလိုပင် စီစဉ်မှုတခုက ရှိ၏။ မြို့တမြို့ ….. ရွာတရွာသို့ ဆိုက်ရောက်လေသည့် အခါတိုင်း ….. ဒေသခံစည်းရုံးရေးမှူးများက ဆတ်သားအဖြစ် အရင်ဆက်သွယ်လာကြပြီး ဆိုက်ရောက်မည့် ဒေသ၊ အခြေအနေအား ကြို၍ ရှင်းပြမိတ်ဆက်ပေး၏။ ယခုလည်း ဟိုင်းကြီးမှအပြန် ပုသိမ်အဝင်တွင် ပုသိမ်၌ ကျန်ရစ်ခဲ့သည့် အဖွဲ့ချုပ်ရဲဘော်များက စက်လှေငယ်များနှင့် လာရောက်၍ အခြေအနေအား ပြောပြရန် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ယခုမူ …. ပုသိမ်မှ အဖွဲ့ချုပ်ရဲဘော်တို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရ …… စစ်သားများနှင့် စက်လှေများကိုသာ ငဝန်အတွင်း တွေ့နေရ၏။ တခုခု ….။ တခုခုတော့ ထူးခြားနေပြီဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိ၏။

စစ်ရေယာဉ်ကြီး နှစ်စင်းပေါ်မှ စစ်ချီတေးများအား ဖွင့်လိုက်၏။ စစ်ချီတေးသံသည်သာ ငဝန်မြစ်ပြင်ဝယ် ညံစီနေ၏။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းသည့် နေ့ကဲ့သို့ …..။ ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ဝင်များ အားလုံးအား ပုသိမ်ကမ်းအတက်တွင် ပို၍ သတိထားကြရန် မှာ၏။ ပုသိမ်ကမ်းသို့ ရောက်သည်နှင့် အဖမ်းအဆီး သတင်းများအား ဒေါ်အောင်ဆန်းစုကြည် ကြားရ၏။ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဧရာဝတီတိုင်း စည်းရုံးရေးတာဝန်ခံ ဒေါက်တာသက်မင်းနှင့် စည်းရုံးရေးမှူး ၁၃ ဦး အဖမ်းခံကြရပြီ။

ဒေါ်အောင်ဆန်းစုကြည်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ စည်းရုံးရေးခရီးထွက်ခဲ့ကြသည်မှာ ၇ ရက်ရှိပြီ။ ထို ၇ ရက်အတွင်း ဖမ်းဆီးခံခဲ့ကြရသည့် အဖွဲ့ချုပ်အဖွဲ့ဝင်များက ၁၉ ဦးရှိခဲ့ပြီ။ ဗိုလ်မှူးချုပ်မြင့်အောင်က လက်ရဲဇက်ရဲ နိုင်လွန်းလှသည်။ ဤသို့ တရားမဲ့ဖမ်းဆီးမှု၊ ဖိနှိပ်မှု၊ ပိတ်ပင်ဟန့်တားမှုများအောက်၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟူသည် မည်သို့မျှ ဖြစ်ပေါ်မလာနိုင်။ ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ်မိ၏။ ဧရာဝတီတိုင်းအတွင်း ဖြစ်ရှိနေသည့် အခြေအနေများအား လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအား ကျင်းပပေးရန် လုံ့လထုတ်နေကြသည့် `ကော်မီရှင်´ မှ လူကြီးမင်းများ သိရန်လိုမည်။ ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေးခရီး ၇ ရက်အတွင်း ကြုံတွေ့နေရသည့် ဟန့်တားနှောင့်ယှက်မှုအမျိုးမျိုးအား အဖွဲ့ချုပ်ဗဟိုသို့ သတင်းပို့သည်။ ဗဟိုမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် (ဟံသာဝတီဦးဝင်းတင်) နှင့် ဦးချစ်ခိုင် (ယခုကွယ်လွန်၊ ဗိုလ်မှူးကြီးဟောင်း) တို့ ၂ ဦး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ သွားရောက်ပြီး ဧရာဝတီတိုင်း၏ အခြေအနေများအား တင်ပြ၏။ မထူးခြား….။ ကော်မီရှင်ကိုယ်တိုင်က စစ်ဖိနပ်အောက် ရောက်နေရသည့် အခြေအနေ ….။ သေနတ်နှင့် အချိန်ခံထားရသည့်ဘဝ….။

Saturday, November 7, 2009

ငြိမ်းချမ်းရေး အမေနဲ့ စစ်တလင်းမြေ


 


ရင်ထုမနာ ဒေါသများကို မောင်းတင်မထား
ညည်းတွားရမဲ့ သောကတွေအား မောင်းနှင်ထုတ်နိုင်စွမ်းတဲ့ အမေ ၊
အေးမြ ငြိမ်းချမ်းခြင်း လမင်းကို
တိုင်းပြည်ရဲ့ ကောင်းကင်မှာ ထာဝရ ချိတ်ဆွဲ
ဆို့နင့် ကြေကွဲဘွယ် စစ်မုန်တိုင်းကို ကျောခိုင်းပြီး
ကမ္ဘာသစ်ထဲ တိုးတက်ခြင်း ခြေလှမ်းများနဲ့
အင်အားအပြည့် ရဲရဲရင့်ရင့် ချီတက်ချင်တဲ့ အမေ ။

ဟန်ဆောင်မှုကင်း ၊ လွတ်လပ်ပွင့်လင်းတဲ့ အပြုံးပန်းများ
အိနြေ္ဒရရ မျက်နှာပေါ်မှာ လန်းလန်းဆန်းဆန်း ဖူးပွင့် သီကုံးရင်း
ပူလောင်ပြင်းပြတဲ့ အမှောင် ဘ၀များကို
တဒင်္ဂ အလင်းသစ် ပေးနိုင်စွမ်းတဲ့ အမေ ။

အကြောက်တရား ဆိုတာ
ဖောက်ပြားတဲ့သူတွေမှာ တွယ်ကပ်နေတဲ့
နောက်ဆုံးပေါ် ရောဂါဆိုး တမျိုး မဟုတ်လား
ရိုးသား မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ကို သယ်ပိုးလို့
ခိုးစား အကျင့်ပျက်သူများအား တုန်လှုပ်စေတဲ့ အမေ ။

ဇွဲ သတ္တိကြီးပုံက
တဟုန်းဟုန်း လောင်နေတဲ့မီးခဲကို ပြာမဖုံးသလို
လက်ရုံးရည် နှလုံးရည် ပြည့်စုံသူများအတွက်
အဆုံးအရှုံး နေ့ရက်တွေ ကမ္ဘာမှာ မမွေးဖွားသေးဘူး ၊
သက္ကရာဇ်နှစ်ပေါင်းများစွာ အရှိန်ပြင်းပြင်း တောက်လောင်နေတဲ့စစ်မီး
ဗိုလ်ချုပ်ရဲ့ ချစ်သမီးပီပီ အပြီးသတ် ငြိမ်းသတ်ဖို့ ယတိပြတ် ဆုံးဖြတ်ထားတဲ့ အမေ ။

မြန်မာ့ ရာဇ၀င်ဟာ
အပျိုစင်လို စစ်အမဲစက် မစွန်းထင်းခဲ့ရင်လဲ အကောင်းသား ၊
ခုတော့ နာတာရှည် စစ်တလင်းမြေမှာ
စစ်ကို မယားငယ်လို ပိုးမွေးသလို မွေးထား ၊
စစ်တပ်ရဲ့ နေရာတကာအကြမ်းဖက်မှု ပယောဂများ ကြောင့်
ပိတ်ဆို့ခံ စီးပွားရေးတွေ ထုံထိုင်း ၊
မြင်းရိုင်းတစ်ကောင်လို ကုန်ဈေးနှုန်းများ ဒုန်းစိုင်းကာ တက်ပြီးရင်းတက်
မွဲပြာတဲ့တိုင်းပြည်ဟာ ကမ္ဘာ့အလယ် သိက္ခာတွေ ကျပြီးရင်းကျနေပါတယ် အမေ ။

အမျိုးသား ရင်ကြားမစေ့တဲ့ အကွဲအပြဲ အပေါက်အပြဲ အင်္ကျီကိုဝတ်ဆင်ရင်း
ကျနေတဲ့ စီးပွားရေး ဆံပင်တွေ မဖြီးမသင် ဖရိုဖရဲ
ပိန်းချုံးပြီး လူမမာရုပ် ပေါက်နေတဲ့ နိုင်ငံမှာ
အသံတိတ် ကြွေးကြော်သံတွေ ဆူညံနေပါတယ် အမေ ။

သွေစွန်းပေနေတဲ့ ကြယ်ပွင့်တွေ ပုခုံးမှာ တပ်ဆင်ရင်း
စစ်ကို ထမ်းပိုးထားသူ စစ်ဗိုလ်ချုပ်ကြီးများ အမြင်ကျယ်ရင်ဖြင့်
လှိုင်းထန်နေတဲ့ သမိုင်းရိုင်းကို မောင်းထုတ်
ဆင်းရဲခြင်း စစ်ပင်လယ်ကို ဆွဲဆုတ်
လှပတဲ့ ငြိမ်းချမ်းရေး တေးတစ်ပုဒ်တော့
အနာဂတ် နိုင်ငံတော်မှာ အတူတကွ တီးမှုတ်သီဆို နိုင်ကောင်းပါရဲ့ အမေ။

အောင်ခိုင်မြင့်

Wednesday, November 4, 2009

ကြင်နာမှုအပြည့်နဲ့ နာကျင်နေကြတယ်

စစ်ဖန်းတီးရှင် စက်ဆုပ်ဖွယ် စစ်ဗိုလ်ချုပ်များနဲ့
တန်ဖိုးမဲ့ ငွေစက္ကူတွေ အပြိုင်အဆိုင် ဖောင်းပွတဲ့ခေတ်မှာ
မှိုတက်ဆဲ အလေးခိုး အကျင့်ပျက်တွေနဲ့
မျိုးဆက်သစ်များ ဘေးထိုး
စနစ်ဟောင်းကို ဆေးဆိုးပြီး
တရေးနိုး အတ္တအား ရွှေချချင်ကြတယ် ။

ကမ္ဘာနဲ့အတွေးအခေါ်များ
မိုးနဲ့မြေလို ကွာဟ
နိုင်ငံတကာက စိမ်းလန်းငြိမ်းချမ်းရေးနဲ့ အာကာသမှာ သုတေသနလုပ်တယ် ၊
ဖိနှိပ်ဆဲ မြန်မာ့ စစ်အုပ်စုက မြေအောက်လှိုဏ်ခေါင်း တူးကောင်းနေတယ် ။

လူယဉ်ကျေး ကမ္ဘာမှာ
ရန်သူ ၊မိတ်ဆွေ မခွဲခြားပဲ
အတူတကွ ယှဉ်တွဲနေထိုင်ရေး မူဝါဒတွေချမှတ်
စစ်မီးကို ငြိမ်းသတ်ခဲ့ ကြတယ် ။

ဘိန်းတွေကို မီးရှို့ပြယုံနဲ့
တိုင်းပြည်က ငြိမ်းချမ်းလာမှာတော့ မဟုတ်ဘူး ၊
မာဖီးယားမှာ ငြိမ်းချမ်းရေး စကား မရှိဘူးဆိုတာ
တိုင်းပြည်ကို သိပ်ချစ်လို့ ပြည်ပြေးကြီးဖြစ်နေသူများ ၊
အတိတ် စိတ်သောကများနဲ့ အိပ်မောကျမရသူတွေ ကောင်းကောင်းသိပေမဲ့
ခါးလည်က ဖြတ်ရိုက်ခံရပါမှ
ကမ္ဘာကြီးက နားလည်စ ပြုလာလိမ့်မယ် ။

နာကျင်ခြင်း ဝေဒနာတွေက
ရုံးတက် ရုံးဆင်းလို အချိန်မှန်လာနေတယ် ၊
ကြော်ငြာမလိုပဲ ဒုက္ခတွေ ရောင်းအားကောင်းနေဆဲ
မွန်းကြပ်မှုများက စည်သွပ်ဗူးထဲမှ ငါးလို
ဟန်ဆောင်ကောင်းတဲ့ လတ်ဆတ်မှုများက ရေခဲရိုက်ထားတဲ့ အသားလို
ပြာပုံကို ကြည့်ပြီး
တကယ်လောင်မြှိုက်ခဲ့တာ ဟုတ် မဟုတ် ပညာရှိများ အငြင်းပွားနေကြတယ်။

တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ရှိသူများက
လ မပြည့်ပဲ မွေးဖွားလာမဲ့
ငြိမ်းချမ်းရေး သန္ဓေသားကို
မဟောသဓာဇာတ်ထဲက မိခင်အရင်းလို
ကြင်နာမှုအပြည့်နဲ့ နာကျင်မှာ စိုးရိမ်နေကြတယ် ။

အောင်ခိုင်မြင့်

Sunday, October 18, 2009

ပေါက်တက်ကရ ရေးတဲ့စာ

ရွှေပြည်ကြီးမှ နေရတာ တနေ့တနေ့ အင်တာနက် ကော်နယ်ရှင်တွေ့ကြောင့် စိတ်ရှုပ် ၊ စိတ်ညစ်ရပါသဗျာ့
ဝင်ချင်တိုင်းလဲ ၀င်လို့မရတော့တဲ့ ကိုယ်ဘလောဂ့်လေးလဲ ဘယ်အခြေအနေဖြစ်နေတော့လည်းမသိ..ဟူးးးးးးးး

ဒါနဲ့ပဲ..နောက်နစ်တမျိုးနဲ့ဖွင့်ထားတဲ့ မေးလ်ကိုဝင်ကြည့်တော့ အာပါးပါး မနဲမနော ဖော်ဝပ်မေးလ်တွေကို
စိတ်ညစ်ဖွယ်သွားတွေ့တော့တာပါပဲဗျာတို့ရယ်..........

အဲဒီထဲက စိတ်ဝင်စားဖွယ်ကောင်းပြီး ဟာသလဲနည်းနည်းရှိတဲ့ ပိုစ့်လေးတွေကိုပြန်ပြီး ဝေမျှလိုက်တာပါ ။



၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

၃) အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ